သင့်မှာ ဆီးချိုရှိရင် အကြားအာရုံ ဆုံးရှုံးနိုင်ပါတယ်
ဆီးချိုရောဂါရှင်တွေဟာ အကြားအာရုံဆုံးရှုံးနိုင်ခြေ ၂ ဆပိုများတယ်ဆိုတာ သိကြလား? ဟုတ်ပါတယ်၊ ဆီးချိုရောဂါ ရှိပြီး သွေးတွင်းသကြားဓာတ် ပုံမှန်ဖြစ်အောင် မထိန်းနိုင်တဲ့သူတွေမှာ အကြားအာရုံ ပိုဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် သင့်မှာ ဆီးချိုရောဂါရှိရင် ဒါမှမဟုတ် သင့်မိသားစုဝင်ထဲမှာ ဆီးချိုရောဂါရှင် ရှိရင် ဒီစာကို ဆုံးတဲ့ထိ ဆက်ဖတ်သင့်ပါတယ်။
ဆီးချိုရောဂါရှင်တွေဟာ အမြင်အာရုံဆုံးရှုံးနိုင်တာ၊ ကျောက်ကပ်နဲ့ နှလုံးထိခိုက်နိုင်တာ၊ အာရုံကြောတွေ ထိခိုက်နိုင်တာကိုသာ ပိုပြီး သတိပြုမိကြပြီး အကြားအာရုံ ဆုံးရှုံးနိုင်တာကို သိပ်မသိကြသလို သတိလည်း မပြုမိတတ်ကြပါဘူး။
ဘာကြောင့် အကြားအာရုံ ဆုံးရှုံးနိုင်တာလဲ?
သွေးတွင်းသကြားဓာတ် မြင့်တက်နေတဲ့အခါ auditary nerve လို့ခေါ်တဲ့ အကြားအာရုံနဲ့ဆိုင်တဲ့ အာရုံကြောက အမျှင်လေးတွေ ဆုံးရှုံးလာပြီး အာရုံကြော ထိခိုက်လာပါတယ်။
သွေးတွင်းသကြားဓာတ် မြင့်တက်နေတဲ့ ကာလကြာရှည်လာတာနဲ့အမျှ နားအတွင်းပိုင်းမှာ ရှိတဲ့ သွေးကြောငယ်လေးတွေ ပေါက်ထွက်လာသလို Cochlear လို့ခေါ်တဲ့ နားအတွင်းက ခရုပတ်ပုံ အစိတ်အပိုင်းက သွေးကြောတွေဟာ ထူလာကာ နားအတွင်းပိုင်းကို သွေးစီးဆင်းမှု မရှိသလောက် နည်းသွားစေပြီး တဖြည်းဖြည်း အကြားအာရုံ ချို့ယွင်းလာတာပါ။ သတိမထားမိတဲ့အခါ အကြားအာရုံ လုံးဝဆုံးရှုံးသွားတဲ့ထိ ဖြစ်တတ်ပါတယ်။
အကြားအာရုံ ချို့ယွင်းလာတဲ့ လက္ခဏာတွေ…
- မကြားရလို့ ခဏခဏပြန်ပြောခိုင်းခြင်း
- တခြားသူတွေက တိုးတိုးလေး ပြောနေတယ်လို့ ထင်ခြင်း
- အမျိုးသမီးတွေ၊ ကလေးငယ်လေးတွေ ပြောတာကို သေချာမကြားရခြင်း
- လူအများစုဝေး စကားပြောနေရင် သေချာမကြားရလို့ လိုက်မမီခြင်း၊ နားမလည်ခြင်း
- ဆူညံနေတဲ့ နေရာတွေမှာ သူတစ်ပါးပြောတာ (ဥပမာ…စားသောက်ဆိုင်၊ Bar) ဘာမှ သေချာမကြားရခြင်း
- တီဗီ၊ ရေဒီယို စသည်ကို အနားကလူတွေ နားမခံသာသည်အထိ Volume မြှင့်ထားတတ်ခြင်း စတဲ့ လက္ခဏာတွေ ရှိလာရင် အကြားအာရုံကို စစ်ဆေးဖို့ လိုအပ်နေပါပြီ။
နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ပြသပြီး ကုသလို့ ရမရ စစ်ဆေးရပါမယ်။ နားကြားကိရိယာ တပ်ဖို့လည်း လိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။
ဘယ်လို ကာကွယ်မလဲ?
ကာကွယ်ဖို့ ဆိုရင်တော့
- သွေးတွင်းသကြားဓာတ်ကို မကြာခဏ စစ်ဆေးပြီး ပုံမှန်ဖြစ်အောင် ထိန်းညှိတာ၊
- ဆီးချိုအထူးကုဆရာဝန်နဲ့ ပုံမှန်ပြသပြီး သောက်ရမဲ့ ဆေးပမာဏ၊ ထိုးရမဲ့ အင်ဆူလင် ပမာဏ စသည်ကို လိုအပ်သလို အတိုးအလျှော့ လုပ်တာ၊
- ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊
- ကစီဓာတ်လျှော့ပြီး အသီးအရွက်များများ စားတာတွေကလည်း သွေးတွင်းသကြားဓာတ် ထိန်းညှိရာမှာ အထောက်အကူ ဖြစ်ပါတယ်။
ဒါ့အပြင် အထက်မှာ ဖော်ပြခဲ့တဲ့ အကြားအာရုံ ချို့ယွင်းတဲ့ လက္ခဏာတွေ မိမိမှာ ရှိမရှိ သတိထားပြီး ရှိနေခဲ့ရင် အချိန်မီပြသမှသာ အကြားအာရုံ လုံးဝဆုံးရှုံးမသွားအောင် ကာကွယ်နိုင်ပါမယ်။
ဒါကြောင့် ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲမှာ အကြားအာရုံ ဆုံးရှုံးနိုင်တာကိုလည်း အရေးကြီးတဲ့ အရာတစ်ခုအဖြစ် သတိထားကြဖို့ လိုပါမယ်။ သတိထားပြီး ကာကွယ်ခြင်းအားဖြင့် ဘယ်သူဘာပြောပြော ရှင်းလင်းစွာ ကြားနိုင်တဲ့သူတွေ ဖြစ်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်